| အပြောင်းအလဲ (မောင်သစ်ဆင်း ) |
|
|
| Posted by maka | |||||||||||
| Wednesday, 26 March 2008 | |||||||||||
Page 6 of 9
(၃) ခေတ်တစ်ခေတ်အတွက် ပြန်လှန် မေးခွန်းထုတ်စရာ မလိုတဲ့ ယုံကြည်လက်ခံမှု တချို့နဲ့ သေချာမှု တချို့ဟာ နောက်ခေတ် အတွက်ကျတော့ ရှင်းရခက်တဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ခေတ်ကုန်နေပြီ ဖြစ်တဲ့ အစွဲအလမ်းတွေ၊ အတွေးအယူတွေ၊ လုပ်ဟန်ကိုင်ဟန်တွေနဲ့တော့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲ တိုးဝင်ဖို့ မလွယ်လှပါဘူး။ ခေတ်ဟောင်း အစွဲ မဖျောက်နိုင်ကြတာကြောင့် အာဏာရှင် အုပ်ချုပ်ရေး ပြဿနာ၊ အစွန်းရောက် ဘာသာရေး အခြေခံဝါဒီ ပြဿနာတွေ ပေါ်နေရတာပါ။ ပြောင်းလဲနေတဲ့ အနာဂတ်ကို ကြည့်မြင်ရာမှာ ကိုယ့်နေရာကိုယ် ကွက်ကွက်ကလေး ကြည့်နေလို့ မရတော့ပါဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာ၊ အားလုံးရဲ့ အနာဂတ် အဖြစ် ကြည့်နေကြတဲ့ အချိန် ဖြစ်နေပါပြီ။ ကမ္ဘာ့အနာဂတ်ထဲမှာ ကိုယ်က ဘယ်လို ဘယ်ပုံ ပြောင်းလဲ ပါဝင်နိုင်မလဲလို့ စဉ်းစားကြရတဲ့ အခြေအနေပါ။ ဆက်သွယ်ရေး ခေတ်ကြီးထဲမှာ ကိုယ်ပိုင်နေရာဒေသဆိုတာ နာမည်သဘောပဲ အဓိပ္ပာယ် ရှိတော့တာပါ။ ကျွန်တော်တို့အားလုံး ကမ္ဘာကြီးပေါ်မှာ နေထိုင်ကြပါတယ်။ ကမ္ဘာသားတွေ ဖြစ်ကြပါတယ်။ ''ပျင်းလိုက်တာကွာ၊ ပါရီသွားပြီး ကော်ဖီသောက်ရအောင်၊ ပြီးတော့ နယူးယောက်မှာ ရုပ်ရှင်ဝင်ကြည့်မယ်။ စပီးဘတ်ရဲ့ ဇာတ်ကား ရုံတင်နေပြီတဲ့။ အပြန်ကျ ပီကင်းဝင်ပြီး အမေ့ဖို့ ဘဲကင်ဝယ်ရမယ်။ ဟာ...မေ့နေလိုက်တာ၊ တိုကျိုက စာအုပ်အဟောင်းတန်းမှာလည်း စာအုပ်ဝင်မွှေရဦးမယ်ဟေ့'' အစရှိသဖြင့် သူငယ်ချင်းတစ်ယောက်က ရေရွတ်တဲ့အခါ ကျွန်တော်က ရယ်ပါတယ်။
ဘာဖြစ်လို့ ကျွန်တော် ရယ်သလဲ။ သူပြောနေတာတွေဟာ တကယ် မဖြစ်နိုင်လို့လား။ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ကျွန်တော့်ရဲ့ လက်ရှိ စိတ်အခံက ဒါကို ဖြစ်နိုင်တယ်လို့ လက်မခံတော့ ရယ်မိတာပေါ့။ ကျွန်တော်က ဖြစ်နိုင်တဲ့ဘက်က ပြောင်းပြီး မတွေးဘူးလေ။ ဒါပေမယ့် ပြောင်းစရာရှိတာတွေကတော့ ပြောင်းနေတာပါပဲ။ ဗိုင်းကောင်းကျောက်ဖိလို့ ပြောကြတဲ့ မိန်းကလေးတစ်ယောက်ဟာ ဟိုတုန်းကတော့ တန်ဖိုးပေါ့။ ငရုတ်သီးကို သပ်သပ်ရပ်ရပ် ထောင်းတတ်တာနဲ့ မယားဝတ္တရားတွေ ကျေပွန် တတ်မြောက်တာဟာ အရည်အချင်းပဲ။ အခုအချိန်မှာတော့ ကျုံ့ကျုံ့လေးထိုင်၊ ခေါင်းငုံပြီး ဖျာကို လက်သည်းနဲ့ ခြစ်နေတတ်တဲ့ မိန်းကလေးထက် ဥာဏ်ရည်မြင့်၊ ပညာတတ်၊ သွက်လက် ချက်ချာ တတ်သိ လိမ္မာပြီး ရဲရင့်သေချာတဲ့ ခြေလှမ်းတွေနဲ့ နိုင်ငံတကာအထိ လှမ်းစဉ်းစားနိုင်၊ ကြည့်နိုင်၊ စိတ်ကူးနိုင်တဲ့ မိန်းကလေးမျိုးကို ခေတ်ကြီးက တောင်းဆိုနေပါပြီ။ ကမ္ဘာကြီးမှာတော့ လူမှုရေးတွေ ပြောင်းတယ်။ စီးပွားရေး လုပ်ဟန်တွေ ပြောင်းတယ်။ နိုင်ငံရေးအမြင်တွေ ပြောင်းတယ်။ နောက်ကျ မကျန်ရစ်ချင်ရင်တော့ အပြောင်းအလဲဟာ လုပ်ကို လုပ်ရမယ့် ကိစ္စပါ။ ဦးဆုံး ပထမ ကျွန်တော်တို့ ဘာတွေကို ပြောင်းကြရမလဲ။ စိတ်ပိုင်းဆိုင်ရာတွေကို ဦးဆုံး ပြောင်းရမှာပါ။ အားမဲ့တဲ့ စိတ်အခံကိုပြောင်း စောစောက ကျွန်တော် ပြောခဲ့သမျှဟာ စိတ်အခံ ကိစ္စပါ။ သိမ်ငယ်စိတ်၊ ကြောက်စိတ်၊ ကိုယ့်ကိုယ်ကို ဘာတန်ဖိုးမှ မရှိဘူးလို့ ထင်တဲ့စိတ်၊ ငါ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်တဲ့စိတ် အစရှိတဲ့ အားမဲ့တဲ့ စိတ်အခံတွေကို ပြောင်းပစ်ရမှာ။ တွေးပုံတွေးနည်းကို ပြောင်း မတွေးမိဖို့ သတိပြုပါ။ ထောင့်စုံအောင် တွေးပါ။ အတွေးဟာ အတားအဆီး တစ်ခုနဲ့ တွေ့ရလို့ အဲဒီနေရာမှာတင် ရပ်မပစ်လိုက်ပါနဲ့။ တွေးလမ်းရှာပါ။ ဖောက်ထွက်တွေးပါ။ ဖြန့်ကျက်တွေးပါ။ အဖြူရဲ့ ဆန့်ကျင်ဘက်လို့ ဆိုလိုက်တာနဲ့ အမည်းလို့ တစ်ခါတည်း အလိုအလျောက် တွေးမိတတ်ကြတယ်။ အခြား အခြားသော အရောင်များလည်း ရှိသေးကြောင်း သတိရပါ။ ထည့်စဉ်းစားပါ။ သမားရိုးကျ အမြင်ကို ပြောင်း နေရာရွှေ့ကြည့်ပါ။ ကန့်သတ်ခြင်း ခံရတဲ့ အမြင်ဟာ သိပ်အန္တရာယ် ကြီးနိုင်ကြောင်း အမြဲ သတိရပါ။ ဒီလို မဖြစ်နိုင်ရင် ဟိုလိုကော ဖြစ်နိုင်သလား မြင်ကြည့်ပါ။ အဲသလို ကိုယ့်စိတ်၊ ကိုယ့်အတွေး၊ ကိုယ့်အမြင်ကို ပြောင်းလဲပစ်ပြီး အတွေးသစ်၊ အမြင်သစ်၊ စိတ်ကူးစိတ်သန်းအသစ်၊ သတ္တိအသစ်တွေ ပေါ်ပေါက်လာတဲ့အခါကျမှ ကျွန်တော်တို့ လူအသစ်တွေ ဖြစ်ကြတော့မှာ။
|
|||||||||||
| Next > |
|---|