| အပြောင်းအလဲ (မောင်သစ်ဆင်း ) |
|
|
| Posted by maka | |||||||||||
| Wednesday, 26 March 2008 | |||||||||||
Page 5 of 9
(၂) သွားလေသူ အဘွားရဲ့ ကျေးဇူးကြောင့် အမွေကလေး ထုပ်ထုပ်ပိုက်ပိုက် ရလိုက်တဲ့အခါ လုပ်ငန်းတစ်ခု လုပ်ဖို့ ကျွန်တော် စဉ်းစားရပါတယ်။ ဘာလုပ်ငန်းများ လုပ်ရပါ့မလဲ။ စီးပွားရေးဆိုတာလည်း တစ်ခါမှ မလုပ်ဘူး မလုပ်တတ်။ ကိုယ်ကိုယ်၌ကလည်း စာကလေး ဘာကလေး မတောက်တခေါက် ရေးသားနေသူဆိုတော့ မဂ္ဂဇင်းတစ်စောင် ထုတ်ရရင် ကောင်းမယ်လို့ စိတ်ကူးရပါတယ်။ နီးစပ်ရာ စာပေ အသိုင်းအ၀ိုင်းနဲ့ တိုင်ပင်ကြည့်တော့ သိပ်ကောင်းတာပေါ့လို့ ပြောကြတယ်။ ဒါနဲ့ပဲ ထုတ်ဝေခွင့် ကျထားပြီး မထုတ်နိုင်သေးတဲ့ မဂ္ဂဇင်းတစ်စောင်ကို ငှားရမ်းဖြစ်သွားတယ်။ မဂ္ဂဇင်း လုပ်တော့မယ်လို့ စတင် စဉ်းစားကတည်းက မဂ္ဂဇင်းရဲ့ ပေါ်လစီကို ကျွန်တော် မစဉ်းစားပါဘူး။ ဘယ်မူ ဘယ်လမ်းကြောင်း ဘယ်လို အမျိုးအစားဆိုတာ ကျွန်တော် မစဉ်းစားဘူး။ မဂ္ဂဇင်းလို့ ဆိုလိုက်တာနဲ့ပဲ ကဗျာပါမယ်၊ ကာတွန်းပါမယ်၊ ၀တုပါမယ်၊ ဆောင်းပါးပါမယ်၊ ဝေဖန်ရေးပါမယ်၊ ရုပ်ရှင်၊ ဂီတ၊ ဗီဒီယိုပါမယ်၊ နိုင်ငံတကာ သတင်းတွေ ထည့်ရမယ်၊ အနုပညာလောကရဲ့ သတင်းဝလင်းတွေ ထည့်ရမယ်၊ ထူးဆန်းထွေလာလေးတွေလည်း ပါရလိမ့်ဦးမယ်၊ စီးပွားရေး အောင်မြင်ရေး တက်ကျမ်းတစ်ပုဒ်လောက်လည်း ထည့်ဦးမှ။ ပူပူစပ်စပ် ဝေဖန်ရေးတွေလည်း ပါမယ်လေ စသည်ဖြင့် အလိုအလျောက် တွေးလိုက်ပြီးသားပါ။ ဟော ဗေဒင်ပါ ထည့်လိုက်တော့ ဖောင်နှစ်ဆယ် ပြည့်ရောပေါ့။ မဂ္ဂဇင်းလုပ်တာ လွယ်ပါတယ်။ လွယ်မှာပေါ့။ ကျွန်တော်က တွေးရိုးတွေးစဉ် တွေးတာကိုး။ လုပ်ငန်း စမလုပ်ခင်ကတည်းက ငါဘာလဲဆိုတာ ကျွန်တော် မတွေးဘူး။ ငါ့ရဲ့ 'ဇ' ဟာ ဘာလဲ၊ ငါ ဘာလုပ်နိုင်သလဲ ဆိုတာ မတွေးဘူး။ ငါ ဘာဖြစ်လို့ မဂ္ဂဇင်း ထုတ်ချင်ရတာလဲ၊ ပရိသတ်ကို ပြောချင်တာ၊ ပြောစရာ ငါ့မှာ ဘာတွေ ရှိသလဲ မတွေးဘူး။ ဘာမှ မတွေးပါဘူး။ ကျွန်တော့် အသိထဲမှာ အစဉ်အလာအရ မဂ္ဂဇင်းဆိုတာ ဒါမျိုးပဲလို့ သိနေတော့တာ။ လမ်းကြောင်းသစ်ရှာဖို့ မကြိုးစားဘူး။ ဖောက်ထွက်ဖို့ မကြိုးစားဘူး။ ကိုယ်ကိုယ်တိုင် အသိအမြင် ကျယ်ပြန့်ဖို့ မကြိုးစားဘူး။ ဒီလိုသာ မကြိုးစားတယ် ကျွန်တော့် မဂ္ဂဇင်းကို စီးပွားရေးအရ အောင်မြင်ချင်သေး။ သြဇာသိက္ခာလည်း ရှိချင်သေး။
' သီးသန့် အမျိုးအစားခေတ် ' ဟာ လာနေပြီဆိုတာ ကျွန်တော်မှ မသိဘဲ။ အမျိုးအစားတူတွေ ယှဉ်ပြိုင်မှုကြီးထဲမှာ ရောယောင်ညပ်ပါရင်း ဓနလိုလည်း မလုပ်နိုင်၊ မဟေသီလိုလည်း မပီပြင်၊ ဟန်သစ်လိုလည်း မော်ဒန်မဖြစ်နဲ့ လေးအုပ်မြောက်မှာ အောင်မြင်စွာ ရပ်နားလိုက်ပါတော့တယ်။ ငါ ဘာတွေ ညံ့ခဲ့သလဲလို့ ကျွန်တော် ကိုယ့်ကိုယ်ကို မမေးပါဘူး။
ဝတ္ထုတစ်ပုဒ်ကို ဝေဖန်တာပါ။ ရုပ်ရည် သိပ်မလှရှာတဲ့ ရုံးစာရေးမတစ်ဦးရဲ့ စိတ်လှုပ်ရှားပုံတွေကို အသေးစိတ် ရေးထားတဲ့ ၀တ္ထုပါ။ ကျွန်တော် ပက်ပက်စက်စက် ဝေဖန်ပစ်လိုက်တယ်။ အင်မတန် ဖောက်ပြန်တဲ့ ၀တ္ထု၊ အဆိပ်အတောက် ၀တ္ထု၊ မဖတ်သင့်တဲ့ ၀တ္ထု၊ မရှိသင့်တဲ့ ၀တ္ထု၊ ပိတ်ပင်ပစ်ရမယ့် ၀တ္ထု အစရှိသည်ဖြင့် စကားလုံးပြောင်ပြောင်တွေ သုံးစွဲပြီး စာဖတ်သူ အကျိုးအတွက် ကျွန်တော် တိုက်ခိုက်ပါတယ်။ တစ်ဖက်လူ ခေါင်းမထောင်သာအောင် နှိပ်နယ်နင်းချေပါတယ်။
ဝေဖန်ရေးဆိုတာ ဒါမျိုး၊ ဝေဖန်ရေး လေသံဆိုတာ ဒါမျိုးလို့ ကျွန်တော် ထင်ခဲ့တာကိုး။ ၀တ္ထုဟာ တမင် စေတနာပါပါ ရည်ရွယ်ချက် ရှိရှိကြီးနဲ့ ညစ်ညမ်းစိတ် ပေါ်လာအောင် ရေးတာလား၊ လူ့အတွင်း စိတ်သဘောကို တင်ပြချင်တာလား။ လူ့စိတ်ကို ပြောချင်တယ်ဆိုရင် ညစ်ညမ်းတယ်ဆိုတဲ့ စာသားတွေဟာ ၀တ္ထုသဘောအရ တကယ် လိုအပ်သလား၊ မလိုအပ်ဘူးလား။ လူ့အဇ္ဈတ္တကို ပေါ်လွင်အောင် ဖော်ရာမှာ ဘယ်လောက် ထိရောက် အသုံးဝင်သလဲ အစရှိသဖြင့် ကျွန်တော် ခွဲခြား မပြောခဲ့ဘူး။ လူ့နှလုံးသားကို ပကတိအတိုင်း သွေးစိမ်းရှင်ရှင်နဲ့ လှပ ထိရောက် အနုပညာမြောက်စွာ ဖွဲ့ဆိုနိုင်သလား ကျွန်တော် မသုံးသပ်ခဲ့ဘူး။ ကျွန်တော် အခိုင်အမာ ပြောခဲ့တာက မြန်မာဝတ္ထုတွေဟာ ဒီကိစ္စကို လုံးဝ မရေးသင့်ဘူး။ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ လုံးဝ မအပ်စပ်ဘူး။ ပြည်သူကို ဘာအကျိုးမှ မပြုဘူး ဆိုတာပဲ။ စာရေးဆရာ တစ်ယောက်ကို ဘာကိုဖြင့် မရေးရဘူး၊ ဘာကိုပဲ ရေးရမယ်လို့ ကန့်သတ်ခွင့် ရှိမရှိ ကျွန်တော် မတွေးမိဘူး။ ' ကျွန်တော့်ကို ဘာရေးပါလို့ ဘုရားသခင် အပါအ၀င် ဘယ်သူကမှ လာမပြောဘူး ' ဆိုတဲ့ အီမာဆင်ရဲ့ စကားကိုလည်း ကျွန်တော် မကြားဘူး။ အဆိုးဆုံးကတော့ ဒီဝတ္ထုမျိုးကို ထုတ်ဝေခွင့် မပြုသင့်ဘူးလို့ ပြောလိုက်မိတာပါပဲ။ ကန့်သတ်ပိတ်ပင်မှုဟာ လုပ်ရိုးလုပ်စဉ်လို့ ဘ၀က သင်ကြားပေးထားတော့ ကျွန်တော့် စိတ်ထဲမှာ အဲဒီအတိုင်း စွဲနေပြီလေ။ ''စိတ်ဓာတ်တွေ ဖွင့်ထားနိုင်မှ တော်ကာကျတဲ့ အပြောင်းအလဲ ခေတ်ကြီးမှာ စာဖတ်သူကို ပွင့်အောင် ဖွင့်ပေးမယ် ဆိုတဲ့ မင်းတို့ စာပေသမားတွေ ကိုယ်တိုင်က မပြောင်းလဲကြပါလား။ အရင်အတိုင်းပဲ'' လို့ မိတ်ဆွေတစ်ယောက်က မှတ်ချက်ပြုတော့ ကျွန်တော်က အင်မတန် စိတ်ဆိုးခဲ့တာ။
|
|||||||||||
| Next > |
|---|