| လူနပ်၊ လူမိုက်နဲ့ လူကောင်း(လူထုစိန်ဝင်း) |
|
|
| Posted by Administrator | |
| Monday, 09 August 2004 | |
|
မကြာမီက သိဟောင်းကျွမ်းဟောင်း ချက်နိုင်ငံက သတင်းစာ ဆရာမလေးတစ်ယောက်ရောက်လာပါတယ်။ပြန်ခါနီးတော့ ဘာစာအုပ်တွေ မှာချင်သလဲလို့ မေးပါတယ်။ သူလာတိုင်းလည်း ကောင်းနိုးရာရာစာအုပ် လေးငါးအုပ် ယူလာမြဲဖြစ်ပါတယ်။ အများအားဖြင့် ဟယ်ရီပေါ်တာကြိုက်သူ လူကြုံကောင်းရင် ဟယ်ရီပေါ်တာ နောက်ဆုံးထုတ်ထည့်ပေးပါလို့ ပြောလိုက်တော့သူက ဝမ်းသာအားရနဲ့ သူဝယ်ထားတာရှိတယ်။ ဖတ်တော့ မဖတ်ရသေးဘူး။ ခရီးထွက်ပြီး ပြန်မှဖတ်မယ်ဆို ဝယ်ထားတာ။ အခု ဒီစာအုပ်ပို့ပေးမယ်လို့ ပြောပါတယ်။ပြီးတော့ ဟယ်ရီပေါ်တာတွေ ကြိုက်လားလို့ မေးပြီး အဖြေတောင် မစောင့်တော့ဘဲ သူတော့သိပ်ကြိုက်တယ်။ ထွက်ထွက်ချင်းဝယ်ဖတ်တာပဲလို့ ဆက်ပြောတယ်။ သူ့လိုပဲ ဟယ်ရီပေါ်တာတစ်အုပ်မကျန်ဖတ်ဖူးကြောင်း၊ အထူးသဖြင့် နေထိုင်မကောင်းဖြစ်လို့ အိပ်ရာထဲလှဲနေရတဲ့ အချိန်တွေမှာအဲဒီလိုပျော်စရာစာအုပ်တွေကိုပဲ ဖတ်ချင်ကြောင်း ပြောပြလိုက်ပါတယ်။ ဦးနှောက်ကြောလျော့ဖို့ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အကြောအခြင်တွေ ပြေလျော့ဖို့အတွက် လေ့ကျင့်ခန်းလုပ်ရသလိုပဲ၊ ဦးနှောက်ကအကြောအခြင်တွေ ပြေလျော့စေဖို့အတွက်လည်း အကြောလျှော့လေ့ကျင့်ခန်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ဝါသနာအလျောက်စိတ်ပေါ့ပါးပျော်ရွှင်စရာဘာလုပ်လုပ်ရပါတယ်။ ကိုယ်တိုင်ကတော့ နေကောင်းရင် တီဗီက ဘောလုံးပွဲ ကြည့်တယ်။ နည်းနည်းနေမကောင်းဖြစ်ရင်တော့ အိပ်ရာထဲမှာ နေရင်းကာတွန်းဖတ်မယ်။ ပြီးရင်ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးဒဂုန်ရွှေမျှားတို့ ဘာသာပြန်ခဲ့ကြတဲ့ စာအုပ်တွေဖတ်မယ်။ ဟယ်ရီပေါ်တာလို စာအုပ်တွေဖတ်မယ်ပေါ့။ စာအုပ်သန်း ၃၀၀ ရောင်းရ ကိုယ်နဲ့ မတိမ်းမယိမ်းအရွယ်တွေက ဟယ်ရီပေါ်တာဖတ်နေတာတွေ့ ရင်ပြုံးကြတယ်။ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေဟာ ကလေးကြိုက်စွန့်စားခန်းတွေနဲ့ လျှို့ဝှက်သဲဖိုစရာစုန်း၊ ကဝေဇာတ်လမ်းမျိုးတွေ ဖြစ်တယ်။ ဒါပေမယ့် ကလေးတွေသာမက လူကြီးတွေပါ နှစ်ခြိုက်ကြတယ်။ ကမ္ဘာအနှံသူ့စာအုပ်တွဲတွေ အားလုံးထုတ်ဝေရောင်းချထားတာ သန်း၃၀၀လောက်ရှိနေတာကို ထောက်ရင် သူ့ပရိသတ်ကိုခန်မှန်းနိုင်တယ်။ စုန်းကဝေယုံသူတွေများ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေကို ဘာကြောင့်ဒါလောက်ကြိုက်နေကြတာလဲ။ အပျင်းပြေပျော်စရာတွေကြောင့်လား။ စွန့်စားခန်းနဲ့လျှို့ဝှက်သဲဖိုတွေကြောင့်လား စသဖြင့်တွေးကြည့်လိုက်တော့၊ အဲဒါတွေကြောင့်သက်သက်တော့ဖြင့် ဟုတ်ဟန်မတူဘူးလို့ ကောက်ချက်ချမိတယ်။ သူတို့အနောက်နိုင်ငံတွေမှာ အဲဒီလိုစာအုပ်အမျိုးအစားတွေအလျှံပယ်ပေါလှပါတယ်။ စုန်းကဝေနဲ့ ဂမ္ဘီရစွမ်းအင်တွေကို စွဲလမ်းယုံကြည်သူတွေလည်း အထောင်အသောင်းရှိပါတယ်။ ဒါပေမယ့်လို့ ဘယ်လိုစာအုပ်မှ ဟယ်ရီပေါ်တာလောက်အုန်းအုန်းကျွတ်ကျွတ်ဖြစ်ပြီး ဟိုးလေးတကျော်အောင်မြင်မှု မရခဲ့ဘူးပါဘူး။ အဘိဓမ္မာပါတယ် ဟယ်ရီပေါ်တာတွေဟာ ကလေးကြိုက်ကလေးဇာတ်လမ်းတွေဖြစ်ပေမဲ့လို့၊ ဇာတ်ကောင်စရိုက်တွေဟာတကယ့်လူတွေရဲ့ စရိုက်သဘာဝအတိုင်းရိုးသားဖြူစင်တာတွေ၊ ကောက်ကျစ်စဉ်းလဲတာတွေ၊ မနာလိုဝန်တို ဖြစ်တာတွေ၊ သဘောထားပြည့်ဝတာတွေ၊ ရက်စက်ယုတ်မာတာတွေ၊ လိမ်ညာလှည့်ဖြားတာတွေကို ဖော်ကျူးထင်ဟပ်နေစေတယ်။ အဲဒါအပြင် နက်နက်နဲနဲ တွေးယူရမဲ့ အဘိဓမ္မာတွေလည်းပါတယ်။ အဲဒါကြောင့်သာ ဒါလောက်အောင်မြင်ခဲ့တာလို့ ယူဆမိပါတယ်။ ဖတ်ညွန်းမဟုတ်ပါ ဟယ်ရီပေါ်တာစာအုပ်အကြောင်း ရေးပြနေတာက “ဖတ်ညွှန်း” လုပ်ချင်လို့မဟုတ်ပါဘူး။ လူအများစုရဲ့လေ့လာမှုပြုပုံ အကြောင်းပြောပြချင်တာပါ။ တချို့က ဟယ်ရီပေါ်တာစာအုပ်မူရင်းကိုမြင်ဖူးပုံတောင်မရပါဘူး။ ကလေးတွေ အတွက် စာသင်သားတွေအတွက် အနှစ်ချုပ်၊ အကျဉ်းချုံးပြီး ရေးထုတ်ထားတဲ့ စာအုပ်ကလေးတွေ လောက်ဖတ်ပြီး ကောင်းတယ်ဆိုးတယ် ဝေဖန်ချက်တွေ ရေးသားပြောဆိုနေတာမျိုးတွေ အတော်များများတွေ့ နေရလို့ပါ။ ပေါ်ယံလေးမကြည့်နဲ့ လူတွေကို လေ့လာတဲ့အခါမှာလည်း သူပြောတဲ့စားတွေနဲ့ လတ်တလော သူလုပ်ပြနေတာတွေကိုသာကြည့်ပြီး အကဲဖြတ်လို့မရပါဘူး။ အရင်တုန်းကသူ့လုပ်ရပ်တွေကိုလည်း ပြန်ကြည့်ဖို့ လိုပါတယ်။ အခုသူပြောနေတဲ့ စကားတွေဟာလည်း အလိမ်အညာ ဟုတ်၊မဟုတ်။ အခုသူလုပ်ပြနေတာတွေကလည်း အမှန်တကယ် သူ့စိတ်ရင်းဟုတ်မဟုတ်၊“အကျိုးလိုလို့ ညောင်ရေလောင်း”ပြနေတာမျိုး ဟုတ်မဟုတ် ဆိုတာတွေကို သေသေချာချာစောင့်ကြည့် အကဲခတ်ကြည့်ဖို့ လိုပါတယ်။ အပေါ်ယံလေးလျှပ်ကြည့်လေ့လာရုံနဲ့ တော့ အမှန်ကို ဘယ်တော့မှ သိနိုင်မှာ မဟုတ်ပါဘူး။ ပုတ်သင်ညိုလား၊ ပဲပြားပင်လား လူ့စိတ်ဟာ အပြောင်းအလဲမြန်ပါတယ်။ တချို့က ပုတ်သင်ညိုအရောင်ပြောင်းသလို ခဏခဏပြောင်းလဲတတ်ပါတယ်။ တချို့ကပဲပြားပင်လို လေတိုက်ရာလိုက်ပြီး ယိမ်းတတ်ပါတယ်။ တချို့ကတော့ညောင်ပင်ကြီးလို မြေမှာ အမြစ်တွေ ခိုင်ခိုင်တွယ်ပြီး မယိမ်းမယိုင်နေတတ်ပါတယ်။ ဒါမျိုးကတော့ ရှားပါတယ်။ အများစုကတော့ ပထမနှစ်မျိုးလို ပုတ်သင်ညိုလို၊ ပဲပြားပင်လို အစားတွေဖြစ်တယ်။ ဒီခေတ်မှာ တော့ ပထမအမျိုးအစားနှစ်ခုကို “လူနပ်”တွေ၊ “လူနပ်ချမ်းသာ” တွေလို့ ခေါ်လေ့ရှိပြီး တတိယ အမျိုးအစားကိုတော့ “လူမိုက်” တွေလို့ ခေါ်လေ့ရှိတယ်။ ဘယ်သူလူကောင်းလဲ ဘယ်သူတွေဟာ“လူနပ်”လဲ၊ ဘယ်သူတွေက “လူမိုက်”တွေလဲ ဆိုတာကိုအပေါ်ယံလေး လျှပ်ကြည့်လို့မသိနိုင်ဘူး။ လတ်တလော လုပ်ရပ်လေးကြည့်ပြီး ပြောလို့လည်းမရဘူး။ ပြောတဲ့စကားနားထောင်ပြီးအကဲခတ်လို့လည်း မရဘူး။ သူတို့ရဲ့ သမိုင်းကြောင်းတစ်ခုလုံးကို ပြန်ကြည့်ဖို့လိုတယ်။ နောက်ပြီးတော့“လူနပ်”နဲ့“လူမိုက်”မှာ ဘယ်အမျိုးအစားကလိုလား အပ်တဲ့“လူကောင်း”ဖြစ်သလဲဆိုတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်ဖို့တော့ အရေးအကြီးဆုံးဖြစ်ပါတယ်။ |
|
| Last Updated ( Wednesday, 26 March 2008 ) |
| < Prev | Next > |
|---|