| တေးသံရှင် စိုင်းထီးဆိုင် ကွယ်လွန်ရှာပြီ |
|
|
| Posted by maka | |
| Tuesday, 11 March 2008 | |
|
လွန်ခဲ့သောနှစ်သုံးဆယ်ကျော်က ကိုယ်ပိုင်တေးသံစဉ်များကို သီဆိုရင်း ကျော်ကြားထင်ရှားလာသော ရှမ်းတိုင်းရင်းသား တေးသံရှင် နာမည်ကြီးအဆိုတော် စိုင်းထီးဆိုင်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ စိုင်းထီးဆိုင်သည် သာမာန်နေမကောင်းဘဲ ဖျားနာနေသည်မှာ ရက်သတ္တပတ်နှစ်ပတ်ခန့်ရှိပြီဖြစ်သည်ဟု သိရသည်။ ရန်ကုန်ဆေးရုံကြီးတွင် အစာအိမ်အူလမ်းကြောင်းရောဂါအား တက်ရောက်ကုသမှုခံယူနေစဉ် ၁၀.၃.၀၈ တနင်္လာနေ့ နံနက် ၅ နာရီမထိုးမီတွင် ၎င်းချစ်သော တေးလောကနှင့် မိသားစုများကိုပါ ခွဲခွာသွားခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် စိုင်းထီးဆိုင်သည် အသက် ၅၈ နှစ်ရှိပြီဖြစ်သည်။
စိုင်းထီးဆိုင်၏ အမည်ရင်းမှာ စိုင်းတင်ဦးဖြစ်ပြီး လင်းခေးမြို့နေ အဖဦးနန္ဒာ၊ အမိ ဒေါ်နန်းအိမ်တို့၏ သားကြီးဖြစ်သည်။ ယခုကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်သန်းစိုးနှင့် သားကြီး စိုင်းခိုင်ခမ်း၊ သမီးနန်းစံဟွမ်နှင့် နန်းယုခေါင်တို့ ကျန်ရစ်ခဲ့သည်။ စိုင်းထီးဆိုင်သည် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဒုတိယဥက္ကဋ္ဌတာဝန်နှင့် တောင်ကြီးအသင်း(ရန်ကုန်)၏ စည်းရုံးရေးမှူးအဖြစ် လူမှုရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်သည်။ စိုင်းထီးဆိုင်သည် “မန္တလေးရောက်ရှမ်းတစ်ယောက်” သီချင်းဖြင့် စတီဒီယိုလောကအတွင်း ထင်ရှားခဲ့သည်။
ဗိုလ်ထီးဟုလည်း ၎င်းကို ချစ်ခင်ရင်းနှီးသူများက တစ်ရင်းတစ်နှီးခေါ်ဆိုကြသည်။ စိုင်းထီးဆိုင်၏ မာစတာပိစ်ဟု ခေါ်ဆိုနိုင်ပြီး တေးဂီတလောကသားအားလုံးနှင့် ပရိသတ်တို့လက်ခံထားသည့် ဂန္တ၀င်သီချင်းမှာ မောင့်လပြည့်ဝန်းဖြစ်သည်။ စိုင်းထီးဆိုင်သည် မေသူသို့၊ အားလုံးကို ပျော်စေချင်ခဲ့သူ၊ အချစ်ဆုတောင်း၊ အချစ်ဖိတ်စာ၊ ချစ်အားနည်းမှ ချစ်အားကြီး၊ နှလုံးသားဟစ်ကြွေးသံ၊ အိပ်စက်အနားယူပြီ စသည့် တေးစီးရီးများအပြင် အကောင်းဆုံးတေးများစုစည်း၍ လက်ရွေးစင်တေးစီးရီးများကိုလည်း ထုတ်လုပ်ခဲ့သည်။
စိုင်းထီးဆိုင်၏ ထင်ရှားကျော်ကြား၍ လူတိုင်းနှုတ်ဖျားတွင် သီဆိုရေပန်းစားခဲ့သော သီချင်းများစွာအနက် နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်၊ အချစ်ဆိုတဲ့ အရသာ၊ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ၊ နံရံကိုလက်သီးနဲ့ ထိုးမိတယ်၊ လူကြမ်းမင်းသား၊ ရေဒီယိုကမာရွတ်၊ သခင့်ဆီ အပြေးပြန်လာမည်၊ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ် စသည့်သီချင်းများသည် ယနေ့ခေတ်တိုင် ရေပန်းစားနေဆဲ ယနေ့ခေတ်လူငယ်တေးသံရှင်များက ပြန်လည်သီဆိုနေကြဆဲဖြစ်သည်။
စိုင်းထီးဆိုင်၏ ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို ၁၂.၃.၀၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ(၅)နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ရာ တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ဓမ္မ၀ိဟာရလမ်း၊အမှတ် ၃၃ နေအိမ်မှ မော်တော်ယာဉ်များသည် မွန်းလွဲ(၃)နာရီခွဲတွင် ထွက်ခွာမည်ဟု သိရှိရသည်။ |
|
| Last Updated ( Tuesday, 11 March 2008 ) |
| < Prev | Next > |
|---|